မျက်ရစ်ဖော်ခွဲစိတ်ကုသမှု
မျက်ရစ်ဖော်ခွဲစိတ်မှုသည် အပေါ်မျက်ခွံတွင် “သဘာဝကျပြီးလှပသော မျက်ရစ်အခွဲ (Crease)” ကို ဖန်တီးပေးသည့် ခွဲစိတ်ကုသမှုတစ်ခုဖြစ်ပါသည်။
ခွဲစိတ်မှုရယူလိုကြတဲ့ရည်ရွယ်ချက် ၂ခုကတော့
ပထမရည်ရွယ်ချက် မိမိ၏မျက်ရစ်ပုံစံကို သဘောမကျ၍ (သို့) မျက်ရစ် ၂ဖက် မညီ၍ (သို့) မျက်ရစ် ပိုပြီး ပေါ်ချင်၍ Cosmetic Purpose ကြောင့် ခွဲစိတ်တတ်ကြပါတယ်။
ဒုတိယရည်ရွယ်ချက်ကတော့ မျက်ခွံတွဲကျပြီး မျက်လုံးအထိဖုံးသောကြောင့် မြင်ကွင်း အနှောင့်အယှက်ဖြစ်ခြင်းကို ကာကွယ်ရန် (Preventive Purpose)ကြောင့် ခွဲစိတ်တတ်ကြပါတယ်။
ကုသမှု၏ အကျိုးကျေးဇူးများ
*သဘာဝကျပြီးလှပသော မျက်ရစ်ကို ရရှိခြင်း
*မျက်ခွံတွဲကျခြင်းမရှိသောကြောင့် မျက်လုံးမြင်ကွင်း ပိုမိုကောင်းမွန်စွာ ရရှိခြင်း
*မျက်ခွံများ ပိုမိုညီညာမှုရှိခြင်း
ခွဲစိတ်ကုသမှု
မျက်ရစ်ဖော် ခွဲစိတ်မှုဟာ များသောအားဖြင့် ထုံဆေးဖြင့် ခွဲစိတ်သော အသေးစားခွဲစိတ်မှု ဖြစ်ပြီး (၃၀ မိနစ်မှ ၄၅ မိနစ်)ဝန်းကျင် ကြာတတ်ပါသည်။ တချို့ဆရာဝန်အနည်းစုတွေကတော့ Sedation(အိပ်ဆေး)ကို အသုံးပြုတတ်ကြပါသည်။
သတိပြုရန်အချက်များ
*မျက်ရစ်ဖော်ပြီး ၂၄ နာရီအတွင်း ရေခဲကပ်ပေးရန် (၁နာရီလျှင် ၁၅ မိနစ်ခန့်_၁ကြိမ်ကပ်ရန်)
ရေခဲဖြင့် ချုပ်ရိုးပေါ်သို့ တိုက်ရိုက်မကပ်ရပါ၊ ပိုးသတ်ထားပြီး သန့်ရှင်းသောအဝတ်ကို ချုပ်ရိုးပေါ်တွင် ခံပြီးမှ ရေခဲကပ်ရပါမည်။
*မျက်ရစ်ဖော်ပြီး ၂၄ နာရီအတွင်း ကိုယ်လက်လှုပ်ရှားမှု တတ်နိုင်သမျှ မလုပ်ပဲ အနားယူရပါမည်။
*မျက်ရစ်ဖော်ပြီး ၂၄ နာရီကျော်ပါက ရေချိုးနိုင်သော်လည်း မျက်နှာနှင့် ချုပ်ရိုးနေရာကို အတတ်နိုင်ဆုံး ရေမထိစေရန် ဂရုစိုက်ပါ။
*မျက်နှာကို သန့်ရှင်းသော ပုဝါ (သို့) ဂွမ်းဖြင့် သုတ်ပေးပါ။
* ခွဲစိတ်ပြီး ၃ရက်အထိ ခေါင်းအုံးအမြင့်(၂လုံး)ပေါ်တွင် အိပ်ပါ။
*တပတ်အတွင်း ဆေးလိပ်၊ အရက်သောက်ခြင်း ရှောင်ပါ။
*ချုပ်ရိုးမဖြည်ခင် အပြင်ထွက်လျှင် နေကာမျက်မှန် တပ်ရပါမည်။
မျက်ရစ် ဘယ်လောက်ကြာကြာခံမလဲ?
Suture Method(ကြိုးထိုး)တွင် ၁နှစ်မှ ၅နှစ်ဝန်းကျင် ခံတတ်ပါသည်။
Incision Method(ခွဲစိတ်) တွင် ၁၅နှစ်အထက် ခံတတ်ပါသည်။
ခွဲစိတ်ပြီး ဘယ်လောက်ကြာရင် အကောင်းဆုံးရလဒ်ကို ရရှိမလဲ?
ပုံမှန်အားဖြင့် ၁လဝန်းကျင် ကြာတတ်ပြီး အနာကျက်နှေးသောလူများတွင်တော့ ၆လအထိ စောင့်ရနိုင်ပါသည်။
လူနာ၏ အသက်၊ အရေပြား၊ မျက်လုံးမျက်ခွံဝန်းကျင်ရှိအဆီ စတဲ့ အချက်တွေပေါ်မှာ မူတည်ပါသည်။
မည်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သလဲ?
ခွဲစိတ်မှုတိုင်းတွင် ဘေးထွက်ဆိုးကျိုး ရှိတတ်ကြပါသည်။
မျက်ရစ်ဖော်ခွဲစိတ်မှုသည် အသေးစားခွဲစိတ်မှုတခုဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းပါးပါသည်။
ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးများ
* မျက်ရစ်ဖော်ပြီး ၂၄ နာရီအတွင်း မျက်လုံးဝန်းကျင် အနည်းငယ် နာကျင်ခြင်း
* မျက်ရစ်ဖော်ပြီး ၃ရက်အထိ မျက်လုံးဝန်းကျင် ရောင်ရမ်းခြင်း
*၁ပတ်ခန့် အမြင်အာရုံဝါးနေတတ်ခြင်း
* ပိုးဝင်၍ အမာရွတ်ကျန်ခြင်း
* မျက်ရည်များကျနေတတ်ခြင်း
ဖြစ်နိုင်ပါသည်။

